မမေ့လျော့ခြင်း
သုခမိန်လှိုင်
အလို ...
ထူးဆန်းလိုက်တဲ့ ရင်ခွင်
အလွမ်းတွေ ပွင့်ဝေပြီး
နိုးထလာခဲ့တယ်။
မထူးဆန်းပါဘူး အချစ်ရယ်
ဟောဒီကမ္ဘာကြီးမှာ
အလွမ်းတွေကလွဲ
ဘာများရှိလို့လဲ။ ။
သုခမိန်လှိုင်
မြှုံးထဲကည
နေဇော်နိုင်
လက်ကောက်ဝတ်က
ရုန်းကြွတဲ့ သွေးခုန်နှုန်းပေါ့
ဟောဒီညကို ပြုံးပြတယ်။
ညဟာ
မြှုံးမိတဲ့ ငါးလို
အပြုံးကြည့်ပြီး ဖျားနေရဲ့။ ။
နေဇော်နိုင်
ခပ်ညံ့ညံ့ ရာသီဘွဲ့
အောင်ခိုင်မြတ်
ဥသြတွေကတော့
ရွှေတွဲလဲ ငွေတွဲလဲ မိသားစုလို
စိတ်ချမ်းသာနေကြမပေါ့။
အရိုးပေါ်အရေတင် သစ်ပင်တွေခမျာသာ
လျှပ်ပေါ်လော်လီ နိုက်ကလပ်မယ်တို့
ငွေစ၊ ကြေးစကို မီးကုန်ယမ်းကုန် မျှော်လင့်သလို
လေပြေညင်းကို မျှော်လင့်ကြ။
ထိုနည်းလည်းကောင်း
ချွေးတရွှဲရွှဲ တောင်တန်းတွေကလည်း
ကုန်းပေါ်ရောက် ရေမြွေလို
ပျော့ခွေ၊ တွန့်လိမ် အရေခွံလဲဖို့ အားပြင်ကြ။
နွေရာသီလေ
စိတ်ထားမှန်သူ စမ်းချောင်းလေးကိုတောင်
ရေ၀တ်လည်း ချိုးသေး
နေလှန်းလည်း ထားခဲ့သေးရဲ့။ ။
အောင်ခိုင်မြတ်
ညရထား
လှသန်း
လယ်ကွင်းတွေ ပိုးလိုးပက်လက်
ပြက်ချော်ချော် လရောင်အောက်မှာ
လေပြင်းအော်သံကို မြင်ရတယ်။
ချောင်းမြောင်းတွေ တွန့်လိမ်ကွေ့ကောက်
မွဲခြောက်ခြောက်မျက်နှာ
သွေးဆုတ်နေတာကို ကြားရတယ်။
ဘာမှမတွေးနဲ့ ရွာငယ်တို့
အိပ်ရေး၀၀အိပ်ကြ
သွားကြိတ်သံတွေကို မြင်ပါတယ်။
လက်တွဲမဖြုတ်နဲ့ ဓာတ်တိုင်များ
ကြွက်သားတွေကို ညှစ်ထုတ်
လှုပ်ရှားမှုကို ကြားရတယ်။
အငွေ့တထောင်းထောင်းနဲ့
အတောမသပ် ခုတ်မောင်း
အားကောင်းမောင်းသန်
ငါ့အသက်ရှူသံကိုရော တွေ့ကြလား။ ။
လှသန်း
No comments:
Post a Comment