Thursday, May 17, 2012

လမ်း / နှောင်းလူတို့၌ ဖြစ်ကြကုန်၏ / ထာဝရကြယ်

လမ်း
ပိုင်စိုးဝေ

လမ်းပျောက်ခြင်းအကြောင်း
လမ်းလျှောက်ရင်း စဉ်းစား
စဉ်းစားရင်း လမ်းလျှောက်
လမ်းပျောက်ခဲ့ အကြိမ်ကြိမ်။
 
 

ဟောဒီလမ်းဟာ
တနေရာရာကို ရောက်မယ့်
လမ်းတလမ်း ဖြစ်ချင်ဖြစ်မယ်
ဘယ်ကိုမှ မရောက်တဲ့
လမ်းတလမ်းလည်း ဖြစ်နိုင်ရဲ့။

ဆက်သွား ဆက်သွား
ကိုယ့်ကို မျှော်လင့်နေသူတွေနဲ့
အထိတ်တလန့် ပြက်လုံးတွေရှိရာ
ဆက်သွား။

စိတ်၊ စေတသိက်ရယ်
မြဲမြဲဆုပ်ထား
ပြုတ်ကျသွားမယ်နော်
ဘ၀တွေကို သယ်ဆောင်ခဲ့တဲ့ ဘတ်စကား
မှတ်တိုင်များစွာ လွန်မြောက်ခဲ့။

ခရီးဆုံးဘူတာ နီးပြီလား
နီးပြီလား ... နီးပြီလား
နာရီများ ပြောင်းပြန်လည်နေရဲ့။ ။
 
 
 

နှောင်းလူတို့၌ ဖြစ်ကြကုန်၏
သံလွင်ခ

မြွေဆိုးမြွေဟောက်တသိုက်
အရေခွံလဲလိုက်တာနဲ့
မြွေလိမ္မာတွေဖြစ်
နိုင်ငံသစ်ရဲ့မျက်လှည့်ပွဲလား။

ဆောင့်ကြောင့်ထိုင်တတ်တဲ့ ခွေး
နည်းနည်းလေး မအူဘဲနေပြရုံနဲ့
ညစ်ထပ်ထပ် သတ္တ၀ါမျိုးက
ကေသရာဇာဖြစ်ရရိုးလား။

ပုတ်သင်ညိုတွေကို ခေါင်းပေါင်းပေါင်း
အကောင်းစား တောင်ရှည်ဆင်
လွှတ်သဘင် ၀င်ခိုင်းရုံနဲ့
ဒီမိုကရေစီနိုင်ငံတော်ကြီး
ပုံဖော်ပြီးပြီတဲ့လား။

အင်း ...
ကောသလမင်းရဲ့အိပ်မက်
မှန်ချက်တွေကတော့
ရက်စက်ပါရဲ့။ ။

သံလွင်ခ
 

ထာဝရကြယ်
ဒေါက်တာလွဏ်းဆွေ

ရေဆန်မြစ်ထဲ
တောက်ပဆဲကြယ်
ကြွေလွယ်ခဲ့လည်း။

တော်လှန်အသည်း
ပြည့်ရင်ထဲဝယ်
ဝေမယ်အမြဲ။     ။

(၁၄-၂-၂၀၀၈ နေ့တွင် ကွယ်လွန်ခဲ့သော ဆရာမန်းရှာ သို့မဟုတ် စာရေးဆရာရေဆန် ... သို့)
(ဒေါင်းအိုးဝေမဂ္ဂဇင်း၊ အတွဲ ၁၊ အမှတ် ၅)
 

No comments:

Post a Comment